မိုင်းယု-ကျိန်းယဲန်း တံတား၌ မိုင်းယုမြို့အဝင် လူဦးရေ ၄၈၀၉ ဦး ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ သံသယလူနာ မတွေ့ရသေး

မိုင်းယု ဖေဖော်ဝါရီ

ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ရောဂါအန္တရာယ် ကူးစက်လာမည့်ကို စိုးရိမ်သဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်ဒေသဖြစ်သည့် မိုင်းယုမြို့တွင် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မိုင်းယု-ကျိန်းယဲန်း တံတားပေါ်၌ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရေးမှုများကို ဇန်နဝါရီ ၂၉ ရက်နေ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယမန်နေ့ထိ သံသယ လူနာ မတွေ့ရှိရသေးကြောင်း သိရသည်။

ဝူဟန်ဗိုင်းရပ်စ်(ခ) ကိုရိုနာဗိုင်းရပ်စ် 2019-nCoV)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများကို ယင်းတံတားပေါ်၌ မိုင်းယုမြို့ဖက်အဝင် ဇန်နဝါရီ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီ ၁ ရက်နေ့ထိ ကျား ၃၀၅၅ ဉီး၊ မ ၁၇၅၄ ဦး၊ စုစုပေါင်း ၄၈၀၉ ဦးတို့ကို စစ်ဆေးခဲ့ရာ ဝူဟန်ဗိုင်းရပ်စ် (ခ)ကိုရိုနာဗိုင်းရပ်စ် (2019-nCoV)ရောဂါ သံသယရှိသူ မတွေ့ရှိရသေးကြောင်း ပူးပေါင်း စစ်ဆေးရေး အဖွဲ့၏ မှတ်တမ်းအရ သိရသည်။

အဆိုပါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းကို တံတားလုံခြုံရေး တာဝန်ခံတပ်မတော်သားအဖွဲ့များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက ယင်းတံတားပေါ်တွင် တရုတ်ဖက်ခြမ်းမှ ဝင်ရောက်လာကြသည့် ခရီးသွား ပြည်သူများနှင့် ဒေသခံပြည်သူများဖြစ်ကြသည် ကလေးလူကြီးများပါမကျန် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV)ဗိုင်းရပ်စ်ရောဂါ ကူးစက်လာမှု မရှိစေရေး ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာနိုင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ဗိုင်းရပ်စ် အန္တရာယ် လိုက်နာရမည့် နည်းလမ်းတို့ကို ပညာပေးစစ်ဆေးခြင်းများကို နေ့စဉ်ပြုလုပ် နေလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)