ထန်တလန် အောက်တိုဘာ ၂၈
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ထန်တလန်မြို့နယ်အတွင်း မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ Thantlang Association Baptist Church (TABC) Hall ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ ဟားခါးခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းလတ်က သင်တန်းတက်ရောက် ပြီးကြသည့် သင်တန်းသားများအားလုံး မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရာတွင် မိမိတို့၏ အားသာချက်များကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ အသုံးပြုသွားကြရန်နှင့် အားနည်းချက်များကိုလည်း ပြုပြင်ဆောင်ရွက် သွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ မိမိတိုင်းပြည် မိမိလူမျိုးအတွက် အရေးကြီးသော သင်တန်းဖြစ်ရာ နိုင်ငံ့အတွက် အထူးရဲကောင်းများ ဖြစ်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းနှင့် မဲရုံလုံခြုံရေးကို အလေးထား ဆောင်ရွက်ရန် လိုကြောင်း အထူးရဲ သင်တန်းသားများအား သင်တန်းဆင်း အမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ဟားခါးခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးခင်အောင်လိန်း၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဆရာဝန်ကြီး ဒေါက်တာ ထွန်းပွားနှင့် သင်တန်းသား(၁၀၅)ဦး တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲကျင်းပစဉ် ကာလအတွင်း ပြည်သူများ စိတ်ချလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အထူးရဲတပ်ဖွဲ့ဝင်များ ပေါင်းစပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
မြို့နယ်(ပြန်/ဆက်)