ချင်းပြည်နယ် ဟားခါးမြို့တွင် လုံခြုံအေးချမ်းစွာ မဲပေးနိုင်ရေးအတွက် မဲလုံခြုံရေးတာဝန် ထမ်းဆောင်ရန် အထူးရဲ သင်တန်းဆင်းပွဲကျင်းပ

ဟားခါး       အောက်တိုဘာ      ၂၈

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင်၊ မဲရုံများလုံခြုံရေးတာဝန် ပေးအပ်နိုင်ရေး အတွက် ချင်းပြည်နယ် ဟားခါးမြို့တွင် အထူးရဲသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၈ ရက်နေ့က ဟားခါးမြို့၊ ခိုင်ကမ်း အားကစားရုံတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုယ်အပူတိုင်း ပေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်းများ ပြုလုပ်ပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းဆင်းပွဲတွင် ချင်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်က အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲများ အနေဖြင့် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကျင်းပစဉ် ကာလအတွင်း တာဝန်ကျရာ မဲရုံများတွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ပူးပေါင်းပြီး မဲရုံလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များနည်းတူ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ကြရန် သင်တန်းဆင်းပွဲ အမှာစကားပြောကြားသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ဟားခါးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင့်ဝေနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် အထူးရဲသင်တန်းသား (၉၅)ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)