သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

သာပေါင်း ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ နိုင်ဝင်းမောင် ရေးသားသည့် “နေထိုင်မှုဟန်ပန် အသစ်ဖြင့် ဘဝကို ပြန်လည် တည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်၏အမှာစာများကို ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍(Book Club)အဖွဲ့ဝင် ဦးထွန်းဝင်းက စာရေးဆရာ နိုင်ဝင်းမောင်ရေးသားသည့် “နေထိုင်မှုဟန်ပန်အသစ်ဖြင့် ဘဝကို ပြန်လည်တည်ဆောက်ခြင်း” စာအုပ်တွင် အသက်ရှည်ရာရှည်ကြောင်း နည်းလမ်းကောင်း”အခန်းအား စာဖတ်ဝိုင်းပြုလုပ်ကြရာ လူဟူ၍ ဖြစ်လာလျှင် လူသားတိုင်းသည် ကိုယ့်အသက်ကို ချစ်မြတ်နိုးကြပြီး တန်ဖိုးအထားဆုံးအဖြစ် သတ်မှတ်ကြပါကြောင်း၊ လူတိုင်းအသက်ရှည်ချင်ကြပြီး အရွယ်မတိုင်ခင် မသေချင်ကြပါကြောင်း၊ သေခါနီးလာရင်တောင် နည်းနည်း လေးအချိန်ကို ဆွဲဆန့်လို့ရရင် ဆွဲဆန့်ချင်ကြပါကြောင်း၊ သိပ္ပံပညာရှင်တွေဟာ လူတို့၏ အသက်ဓာတ်ကို အမျိုးမျိုးလေ့လာခဲ့ကြပြီး အသက်ပိုရှည်ရန် နည်းအမျိုးမျိုး ကြံဆလေ့လာသုတေသနပြုခဲ့ကြပါကြောင်း၊ အစားအစာကို လိုအပ်သော ပမာဏထက် လျှော့စားရင် သက်တမ်းပိုရှည်ရှည်နေရလိမ့်မယ်ဆိုသည့် အယူအဆကို အခြေတည်ပြီး သုတေသနတွေ အများကြီး ပြုလုပ်ခဲ့ကြပါကြောင်း၊ အစားအစာကို လိုအပ်သော ပမာဏထက် လျှော့စားခြင်းဖြင့် သက်တမ်း ပိုရှည်လာနိုင်သလားဆိုတာကို ကြွက်အပါအဝင် အခြားသတ္တဝါများဖြင့် စမ်းသပ်ကြည့်သောအခါ သက်တမ်းပိုရှည်အောင် နေနိုင်ကြတယ်ဆိုသည့် အဖြေရခဲ့ကြပါကြောင်း၊ သို့ပေမဲ့ “သက်တမ်းပိုရှည်လာတယ်ဆိုတာ ဘယ်လိုအချက်တွေကြောင့်၊ ဘယ်လိုအကျိုးအကြောင်းတွေကြောင့်ဆိုတဲ့ ကိစ္စကိုတော့ ရှင်းမပြနိုင်သေးပါဘူး”လို့ သုတေသီတွေက ဆိုပါကြောင်းနှင့် လိုအပ်သည့် ပမာဏထက် အစားအစာလျှော့စားမယ်ဆိုရင် သတ္တဝါများသည် အသက်ပိုရှည်လာနိုင်ကြသည်ကို ၁၉၃ဝ ပြည့်နှစ်တွေကတည်းက စတင်တွေ့ရှိလာခဲ့ကြသ်ည်ဟု ဆိုပါကြောင်း၊ ကြွက်များဖြင့် စမ်းသပ်ကြည့်သောအခါ အစားအစာကို သင့်တင့်ရုံ လျှော့ကျွေးခြင်းခံရသော ကြွက်များသည် အစားအစာ ၀၀ပြဲပြဲ စားသောက်ကြရသော ကြွက်တွေထက် အသက်ပိုရှည်လာသသည်ကို အထင်အရှား စမ်းသပ်တွေ့ရှိခဲ့ကြပါကြောင်း၊ လူများတွင်လည်း ထိုရလဒ်အတိုင်း အသက်ပိုရှည်လာနိုင်ပါ့မလားဟု ရင်တထိတ်ထိတ် စောင့်မျှော်နေပါကြောင်း၊ လူတွေမှာ အကျိုးသက်ရောက်မှု ရှိ၊ မရှိကိစ္စကို အဖြေသိရဖို့ နည်းနည်း ခက်ခဲနေသေးပါကြောင်း၊ လူတွေသ်ည စောစောက အစမ်းသပ်ခံကြွက်၊ ခွေး၊ ယင်ကောင်၊ သန်ကောင်တွေထက် သက်တမ်းပိုရှည်နေ၍ လူမှာ အကျိုးသက် ရောက်မှု ရှိမရှိကိစ္စသည် လူ့သက်တမ်းတစ်လျှောက် တော်တော်ကြီး စိတ်ရှည်ရှည်ထား စောင့်ကြည့်ရမယ့် သဘောရှိနေပါကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် “အဲသလောက်ကြာကြာ စောင့်ကြည့် ရမယ်ဆိုရင်လည်း စောင့်ကြည့်လေ့လာကြဖို့ အဆင်သင့်ပါပဲ။ လူဆိုတာ အသက် ရှည်ရှည်နေချင်ကြတယ် မဟုတ်လား။ ဒီအချက်နဲ့တင် အသက်ရှည်ရေး စမ်းသပ်ပွဲကြီးက ဆက်လက်ကျင်းပမြဲ ကျင်းပနေမှာပဲ ဖြစ်ပါတယ်။ အခုတောင် လူတချို့က ဒီလိုနည်းနဲ့ အသက်ရှည်မယ်လို့ဆိုတဲ့ အချက်ကို အပြည့်အဝ ယုံကြည်ကြပြီး နဂိုစားသောက်နေကျ အစားအစာပမာဏရဲ့ ၆ဝ ရာခိုင်နှုန်းကို လျှော့ချစားသောက်နေကြတယ်။ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ခံကြည့်တဲ့ သဘောပေါ့။ အစားအစာကို ထက်ဝက်မက လျှော့စားပြီး ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ သက်စောင့်ဗီတာမင်တွေ ဘယ်လိုအလုပ်လုပ်နေသလဲ၊ ဘယ်လိုထိန်းသိမ်းမှု လုပ်နေလဲဆိုတာတွေကို စောင့်ကြည့်နေကြပါပြီ။ ဒီနည်းလမ်းဟာ လူတွေ တကယ်အသက်ရှည်စေမယ့် နည်းလမ်းတစ်ခုဖြစ်ကို ဖြစ်ရမယ်လို့ ယုံကြည်ကြပြီး အစားလျှော့စားခြင်း အစီအစဉ်ကိုယ်စီနဲ့ လူတွေတောင် အတော်များနေပြီတဲ့လေ။ သုတေသီပါမောက္ခကြီးတစ်ဦးကတော့ ဒီလိုဆိုပါတယ်။ အစားလျှော့စားလို့ အသက်ရှည်တယ်ဆိုတိုင်း အလွန်အမင်း အစားတွေလျှော့၊ အစာငတ်ခံမတတ်နေလို့ကတော့ အာဟာရပြတ်ပြီး ရုပ်ကလည်း ကမ္မဋ္ဌာန်းရုပ်ပေါက်ပြီး အသက်မရှည်ဘဲ အသက်တိုလာဖွယ်ရာသာ ရှိပေတော့မယ်”လို့ သတိပေးထားပါတယ်။ဒါလည်း ဟုတ်ပြန်တာပါပဲ။ လူ့အသက်ရှင်သန်ရေးမှာ အာဟာရဓာတ်တွေကလည်း သူ့အတိုင်းအဆနဲ့သူ ညီညွတ်မျှတ ဖြည့်ဆည်းပေးဖို့က လိုနေသေးတယ်လေ။ အစားအစာတွေကို လိုသည်ထက်ပိုပြီး လွန်လွန်ကဲကဲ အစားကြူးပြန်ရင်လည်း မလိုလားအပ်တာတွေ၊ အဆီပိတ်မှုတွေ ဖြစ်ပေါ်လာနိုင်ပြီး သက်တမ်းစေ့မနေရဘဲ အသက်တိုသွားနိုင်ပြန်တာလည်း ရှိနေသေးတယ်။ ဘယ်အရာမျှ အစွန်းထွက်တာ မကောင်းမှန်း လူတိုင်းသိကြပါတယ်။ တန်ဆေး လွန်ဘေးလို့လည်း သူတစ်ပါးကိုတောင် သတိပေးစကား ပြောနေကြသေးတာပဲ။ အစားအစာကို သင့်တင့်မျှတရုံ Sweet-Stop အနေအထား စားသောက်ခြင်းဟာ အကောင်းဆုံးပါပဲ။ အစားအသောက် နည်းနည်းစားရင် အသက်ပိုရှည်လာနိုင်မယ်ဆိုတာ ၁၉၃ဝ ကျော်လောက်ကတည်းက တွေ့လာခဲ့တာ ခုဆို နှစ်ပေါင်း ၇၇ နှစ် ကြာလာသည့်တိုင်အောင် ဘာကြောင့်၊ ဘယ်အချက်က အသက်ရှည်စေတယ်ဆိုတာ ခုထိ တိတိကျကျ ရှင်းမပြနိုင်သေးတာကိုက ရတက် မအေးစရာပါပဲလို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့်မို့ လူတွေ အသက်ပိုရှည်အောင် အစားလျှော့စားခြင်းနဲ့ လုပ်ဆောင်ဖို့အစီအစဉ်တွေ စတင်နေကြတာ ဖြစ်ပြီးတကယ် အသက်ရှည်၊ မရှည်ဆိုတာတော့ စောင့်စားနားထောင်နေကြရ ဦးမှာမို့ ခုတော့ စားစရာရှိတာ ဝဝလင်လင် စားထားကြပါဦးစို့လို့ ဗဟုသုတ ဝေငှလိုက်ရပါတယ်” စသည်ဖြင့် ရေးသားထားမှုများအား မိမိတို့အတွေ့အကြုံများနှင့်ယှဥ်၍ ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ဝါသနာရှင်ပြည်သူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း