မလှိုင် ဖေဖေါ်ဝါရီ ၂
ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းများကို လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန်နှင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး စတင်ထည့်သွင်း တိုက်ကျွေးခြင်း ဖွင့်ပွဲနှင့် မြို့နယ်အဆင့် အသိပေးတင်ပြခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မလှိုင်မြို့ ပြည်သူ့ဆေးရုံ အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နေမင်းမျိုးထွန်းက ကာကွယ်ဆေးထိုး/ ဆေးတိုက်လုပ်ငန်းများ အကြောင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး စတင်ထည့်သွင်း တိုက်ကျွေးသွားမည် ဖြစ်ကြောင်း အသိပေး ရှင်းလင်း ပြောကြားသည် ။
ယင်းနောက် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး မြို့နယ်အဆင့် စတင်ထည့်သွင်း တိုက်ကျွေးခြင်း အခမ်းအနားကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးချစ်မင်းသိန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး စတင်တိုက်ကျွေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ကလေးငယ် များအား ကစားစရာအရုပ်များ ပေးအပ်ခဲ့သည်။ ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို အသက် နှစ်လ အောက် ကလေးငယ်များကို ပထမအကြိမ် တိုက်ကျွေးသွားမည်ဖြစ်ပြီး မျော်မှန်းကလေးငယ် (၁၈၀) ဦးခန့် ရှိကြောင်းသိရပြီး၊ လေးလတွင် ဒုတိယအကြိမ် တိုက်ကျွေးသွားမည် ဖြစ်သည်။
ကလေးငယ်များကို ဘီစီဂျီ ၊ပိုလီယို (ပထမ၊ဒုတိယ)၊ ပြင်းထန်ဝမ်းပျက်/ဝမ်းလျော(ရိုတာ) (ပထမ)၊ ပြင်းထန် အဆုတ်ရောင် (ပထမ၊ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ ဝက်သက်/ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို အသက်ရွယ်လိုက် ပုံမှန်ထိုးနှံ ပေးခြင်း ဖြင့် ကလေးငယ်များကို ရောဂါ(၁၃)မျိုးမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)