မတူပီမြို့၌ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း သင်တန်းဆင်းပွဲကျင်းပ

မတူပီ  အောက်တိုဘာလ ၂၈

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၈)နာရီအချိန်တွင် ဗိုလ်တိုက်ချွန်း အားကစားကွင်း၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်သက်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က အမှာစကားပြောကြားသည်။

ဆက်လက်၍ သင်တန်းနှင့်ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမောင်ဝင်းက “၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်မည့် သင်တန်းသား စုစုပေါင်း(၁၆၇)ဦး တက်ရောက်ကြောင်းနှင့် မတူပီခရိုင်အတွင်းရှိ မဲရုံ(၁၅၀)ရုံနှင့် ဆမီးမြို့မဲရုံ(၇)ရုံနှင့် ရှင်းလက်ဝကျေးရွာမဲရုံ(၁၀)ရုံတို့၌ တာဝန်ထမ်းဆောင်ကြမည်”ဟုပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မတူပီခရိုင်ရဲတပ်ဖွဲ့မှူးခရိုင်မီး သတ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲ တပ်ဖွဲ့မှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)