တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “ပျော်ရွှင်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

တာလေ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍  ယနေ့ နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် "ပျော်ရွှင်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက စာဖတ်ဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပျော်ရွှင်ခြင်းခေါင်းစဉ်ဖြင့် ဉီးဆောင်ဆွေးနွေးရာတွင် မိမိဘဝကို တိုးတက်အောင် နေ့စဉ်အကောင်းဆုံးကြိုးစားခြင်း၊ ကိုယ်ချင်းစာတရားလက်ကိုင်ထားခြင်း၊ အများအကျိုးကို ဆောင်ရွက်ခြင်းတို့သည် မိမိတို့အား ပျော်ရွှင်မှုအများဆုံးပေးနိုင်သည့် အရာများဖြစ်ကြောင်း၊ အောင်မြင်နေသူတိုင်း ပျော်ရွှင်ချင်မှ ပျော်ရွှင်လိမ့်မည်ဖြစ်သော်လည်း ပျော်ရွှင်နေသူတိုင်းသည် အောင်မြင်နေသူများပင်ဖြစ်ပါကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် လူငယ်အသင်း(Youth Club)အဖွဲ့ဝင်များက “ပျော်ရွှင်မှုကို နေ့စဉ်ရရန်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ဘဝနိယာမများ၊ မိတ်ဆွေနှင့်မိသားစု၊ ယခုပဲလုပ်ပါ အောင်မြင်မှုဗျူဟာ” စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိကာ ဗဟုသုတများတိုးပွားရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)