ငါန်းဇွန် ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ငါန်းဇွန်မြို့အ.ထ.ကတို့ ပူးပေါင်း၍ စာရေးဆရာ အောင်ကိုဦး(UMK)၏ “လူငယ်တွေစဉ်းစားဖို့” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်းဆွေးနွေးခြင်းဖြင့် အသိအမြင် ဗဟုသုတ တိုးပွားစေခြင်း၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာပြီး တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို ဖလှယ်နှီးနှောနိုင်စေခြင်း စသည့်စာဖတ်ဝိုင်းဆွေးနွေးပွဲမှ ရရှိသည့်အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် ဒေါ်မို့မို့စံက “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် လူတိုင်းသည် အသေးအဖွဲကိစ္စမှ ဘဝနှင့်သက်ဆိုင်သည့် ကိစ္စများအထိ အရာရာကို စဉ်းစားသုံးသပ်ကာ ရွေးခြယ်ရမည်ဖြစ်ကြောင်း၊ အလုပ်ဟူသည် ဘဝနှင့်အတူ အမြဲတမ်းရှိနေမည်ဖြစ်သောကြောင့် တွေ့ကြုံလာသော အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရန် ခံနိုင်ရည်မရှိဘဲ လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်သည်ကို အထူးသတိပြုရန် လိုအပ်ကြောင်းကို လည်းကောင်း၊ Grade-10 ကျောင်းသူ မအေးမွန်မွန်ထွေးက “ကိုယ်ချစ်တာကိုယ်လုပ်ပါ” ခေါင်းစဉ်ဖြင့် တကယ်ဖြစ်ချင်စိတ်သည် လူတွေကို ပန်းတိုင်ကိုအရောက် ပို့ပေးနိုင်ကြောင်း၊ တစ်ခုခုကို တကယ်လုပ်ချင်တာမှန်ရင် နည်းလမ်းကို တွေ့အောင်ရှာကြောင်း၊ မလု့ပ်ချင်ရင်တော့ ဆင်ခြေကို တွေ့အောင်ရှာကြောင်း၊ ပျော်ရွှင်မှုဆိုတာ အသင့်ဖန်တီးထားတဲ့အရာ မဟုတ်ပေမဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက ဖြစ်လာတာဖြစ်ကြောင်းကို လည်းကောင်း၊ Grade-10 ကျောင်းသူ မနန်းသူဇာခင်က “ဗီဇနှင့် ပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့် လူတစ်ယောက် တိုးတက်အောင်မြင်ဖို့ အတွက် ဗီဇနဲ့ပတ်ဝန်းကျင် ဘာက ပိုအရေးကြီးလဲ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ပြောင်းလဲ မသွားစေရန်ရန် ဗီဇကောင်းဖို့လိုအပ်ကြောင်း၊ ဗီဇကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ပတ်ဝန်းကျင်ကောင်းထဲမှာ ရှိနေသရွ့ သူဟာ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုအတိုင်း ရှိနေတတ်ကြောင်း၊ ထို့ကြောင့် ကိုယ့်ဗီဇ ဘာလဲဆိုတာ သိဖို့ထက် ပတ်ဝန်းကျင်ကောင်းကို ရွေးချယ်စေချင် ကြောင်းကိုလည်းကောင်း၊ “လူငယ်တွေ စဉ်းစားဖို့” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှု နားလည်မှုများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)