ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အခမ်းအနားနှင့် ဆုပေးပွဲ ညောင်ရွှေ၌ကျင်းပ

ညောင်ရွှေ ဖေဖော်ဝါရီ ၂

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ညောင်ရွှေမြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်၊ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့် ညောင်ရွှေမြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်မိုး တို့က အမှာစကား ပြောကြားကြသည်။

ဆက်လက်၍ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဌာန၊ အင်းလေးကန် တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက အင်းလေးကန်နှင့် ပတ်ဝန်းကျင်ဒေသ ဇီဝမျိုးစုံ နေထိုင်မှုပုံစံအကြောင်းနှင့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အခမ်းအနား ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။

နေမျိုးသူရိန်