မြောင်းမြ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club )အဖွဲ့နှင့် ဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ကို ယမန်နေ့ နေ့လယ် ၂:၀၀ နာရီ အချိန်က စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြောင်းမြခရိုင် Book Club အဖွဲ့နာယက ဆရာကြီး ဦးခင်စိုးနှင့် ဆရာကြီး ဦးကျင်စိုးတို့က စာအုပ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး Book Club အဖွဲ့ နာယက ဆရာဦးညီညီက လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အတွင်းရေးမှူးဆရာမကြီး ဒေါ်အုန်းကြိုင်က ယုံကြည်စိတ်ချရမှုနှင့်ဘဝအမြင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးထက်ဝေကျော်က လူမျိုးမြင့်ဖို့ စာဖတ်စို့၊ ဒေါ်မြတ်သက်မွန်က အလှအပဆိုတာ၊ ဒေါ်အေးမြတ်မွန်က အလှအပဖြင့် ဝံ့ကြွားခြင်း ခေါင်းစဉ်များဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ဉာဏ်ရည်ဉာဏ်သွေးအတွေးအခေါ်၊ မုန်လာဥဝါ ကြက်ဥနဲ့ကော်ဖီနဲ့ ဘဝအမြင် ခေါင်းစဉ်များဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး၊ စာဖတ်ဝိုင်းသို့တက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထု ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေမည့် စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲ များ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (မြောင်းမြ)