တာချီလိတ် ဖေဖော်ဝါရီ ၂
မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု မယ်လိတ်ပါကော်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု ယန်းကျောက်-ဝှေလေလန် ကတ္တရာလမ်းသစ်ကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်နှင့် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ Pilot Project အဖြစ် ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၁၃၁ ဒသမ ၃၇၈ သန်းဖြင့် မူလမြေသားလမ်း (၇/၇)မိုင်အား ကတ္တရာလမ်း (၇/၇)မိုင်အဖြစ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ယန်းကျောက်-ဝှေလေလန် ကတ္တရာလမ်းသည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းမကြီးနှင့် မယ်ယန်း-ပဆာ-စံဖူးလမ်းမကြီးတို့ကို ချိတ်ဆက်သွားလာနိုင်ပြီး ကျေးရွာအုပ်စု နှစ်အုပ်စု၊ ကျေးရွာကိုးရွာ၊ အိမ်ခြေ ၁၃၀၉ နှင့် လူဦးရေ ၇၆၄၈ ဦးတို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်(ပြန်/ဆက်)