ထားဝယ် ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံ ပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက် မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းနှင့် သာသနာရေးဦးစီးဌာနရုံးသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား/သူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများကကူညီ ဆောင်ရွက် ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆိုလာရောက် အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၃၅၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)