ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲပြုလုပ်

ကလိန်အောင် ဇန်နဝါရီလ ၂၄

အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်း သိရှိ‌‌စေရန်နှင့် မှတ်သားအတုယူနိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လဲ့က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် မျိုးဆက်သစ်တို့ ဆက်လက်ထိန်းသိမ်းရမည့် နေ့ထူးနေ့မြတ်များအကြောင်းကို ဟောပြောခဲ့သည်။

ဆက်လက်၍ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် ဉာဏ်စမ်းအမေးအဖြေများဆောင်ရွက်ပေးပြီး အကောင်းဆုံး ဖြေဆိုနိုင်သည့် ကျောင်းသားကျောင်းသူများကို  လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ၊ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ မိန့်ခွန်းကောက်နုတ်ချက်များကို နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများဖြင့် ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)