မိတ္ထီလာ ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာပြီး တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းလာစေရန်၊ သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းတွင် အလွယ်တကူဝယ်ယူရရှိနိုင်သည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို နည်းစနစ်တကျ ထုတ်လာနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို သင်တန်းသား သင်တန်းသူ(၂၀)ဦးဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် ကုန်ကြမ်းများ၏ ဂုဏ်သတ္တိများအကြောင်း သိကောင်းစရာများ၊ ဆပ်ပြာ၏ အခြေခံသဘောတရားများနှင့် ဆပ်ပြာချက်လုပ်နည်းများ၊ ဓာတုပစ္စည်းများ စနစ်တကျကိုင်တွယ်သုံးစွဲမှုများ အကြောင်း၊ လက်ဆေးဆပ်ပြာရည်၊ ဆပ်ပြာခရင်မ်များပြုလုပ်နည်း၊ Body Scrub ၊ လက်သန့်ဆေး(Spray/ Gel)ပြုလုပ်နည်း၊ အဝတ်လျှော်အမွှေးဆီများ ပြုလုပ်နည်း၊ဘက်စုံသုံးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေး ဆပ်ပြာရည်နှင့် ကိုယ်တိုက်ဆပ်ပြာခဲနှင့် သဘာဝမျက်နှာသစ် ဆပ်ပြာခဲအမျိုးမျိုးပြုလုပ်နည်း၊ Herbal Shampoo ၊ Herbal Body Shower ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)