မိုးကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (Woman Clup)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

မိုးကုတ် ဇန်နဝါရီ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (Woman Clup)အဖွဲ့ဝင်များမှ စာရေးဆရာ မြသန်းတင့်ရေးသားသည့် သူ့လက်ရာ သူ့အယူအဆ သူ့စာပေ သူ့အတွေးအမြင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မိုးကုတ်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအား ဆွေးနွေးပြောကြား ခဲ့သည်။ ဆက်လက်ပြီး (Women Clup)အဖွဲ့ဝင် ဒေါ်ဝင်းမာလာအောင်က စာရေးဆရာ မြသန်းတင့်ရေးသားသည့် သူ့လက်ရာ သူ့အယူအဆ သူ့စာပေ သူ့အတွေးအမြင်”စာအုပ်မှ “တမာနုချိန်စစ်တမ်း” ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးရာ “တမာပင်သည် အဆင်းမလှသော် လည်း အရိပ်ကိုပေးပါကြောင်း၊ တမာပန်းနံ့သည် ရိုင်းသော်လည်း မွှေးမြဲမွှေးပါကြောင်း၊ တမာရွက်သည် အကြွေမြန်သော်လည်း ချက်ချင်း ရွက်နုထွက်ပါကြောင်း၊ တမာသည်ခါးသည်ဟု ဆိုသော်လည်း ခံတွင်းမြိန်စေပါကြောင်း” စသည့်တို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး တက်ရောက် လာသော (Woman Clup)အဖွဲ့ဝင်များကလည်း ခေါင်းစဉ်တစ်ခုချင်းအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကြည်ကြည်နွဲ့  (ပြန်/ဆက်)