စိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန်အောင်မြင်စေရေးအတွက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်

မတ္တရာ ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သစ်တောပြုထိန်းသိမ်းရေးကော်မတီ၏ဦးဆောင်မှုဖြင့် မတ္တရာမြို့နယ် တံငါတောင်ကျေးရွာရှိ တံငါချောင်းဘေးတွင် ၂၀၁၉ ခုနှစ် မိုးရာသီ၌လှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန် အောင်မြင်စေ ရေးအတွက် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဇန်နဝါရီလအတွင်း၌ စိုက်ပျိုးခဲ့သော ပင်လယ်ကဗွီး၊ အုန်းနဲနှင့် ရေသင်းဝင် စုစုပေါင်း (၆၃၀)ပင်အား မတ္တရာမြို့နယ် သစ်တောပြုထိန်းသိမ်းရေး ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများနှင့် တံငါတောင်ကျေးရွာမှ ရွာသူရွာသားများ ပူးပေါင်း၍ ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြပြီး တစ်ဆက်တည်းရှိသော မြေနေရာများတွင် မအူ(၉၀)၊ ပင်လယ် ကဗွီး(၉၀)နှင့် အုန်းနဲ(၇၀) စုစုပေါင်း(၂၅၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ရေနံ့သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်း၌ ၂၀၁၉ ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏(၇၄)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် စုပေါင်းစိုက်ပျိုးခဲ့သော သစ်ပင်(၉၀၀)ပင်အား ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို မတ္တရာမြို့နယ် သစ်တောပြုထိန်းသိမ်းရေး ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ကျေးရွာသူ/သားများနှင့် NGO အဖွဲ့အစည်းများ စုပေါင်း၍ ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)