ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသားလူငယ်များ စာဖတ်ဝိုင်းပြုလုပ်

ရမည်းသင်း ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရမည်းသင်းခရိုင် ပြန်/ဆက်ရုံး၊လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကျောင်းသားလူငယ်များအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်သည့် အကျိုး ကျေးဇူးများ၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေပြီး အပြန်အလှန် ဆွေးနွေးတတ်စေ ရေးနှင့် အားလပ်ချိန်များတွင် စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးတို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ ကျောင်းသား မောင်ဉာဏ်လင်းထက်နှင့် Grade10 မှ ကျောင်းသူ မစန္ဒာမိုးတို့က စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့် အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း” ဝတ္ထုတိုများစာအုပ်မှ “လူငယ်နှင့်အမြင်” ဆောင်းပါးကို ဆွေးနွေးဖတ်ကြားရာ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ အ.ထ.က(၁)မှ အထက်တန်းပြဆရာမနှင့် ကျောင်းသား/ကျောင်းများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇော်ဝင်းအောင်