အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Club အဖွဲ့များပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် Book Club ၊ Youth Club ၊ Women Club အဖွဲ့တို့မှ ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်တွင် ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကျင်းပရာ မြို့နယ်ဦးစီးအရာရှိက လူငယ်နှင့် အောင်မြင်ခြင်း၊ Book Club ဥက္ကဋ္ဌ ခင်ဘိုဘိုက လူငယ်နှင့်အမှား၊ Youth Club အဖွဲ့ဝင် မသိမ့်ထက်နွယ်က လူငယ်နှင့် တာဝန်သိမှု၊ Women Club အဖွဲ့ဝင် ဒေါ်အိရွှေစင်က လူမျိုးမြင့်ဖို့စာဖတ်စို့ အစရှိသည့် ခေါင်းစဥ်များဖြင့် အချင်းချင်း အပြန်အလှန် မိမိတို့ထင်မြင်ယူဆချက်များကို ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းကြောင့် Club အဖွဲ့များ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်စေခြင်း၊ စာကြည့်တိုက်သို့ အမြဲဝင်ရောက်၍ စာပေများဖတ်ရှုနိုင်ခြင်း၊ တစ်ဦးကရရှိသည့် ဗဟုသုတကို အခြားသူများသို့ ပြန်လည်မျှဝေပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်လည်း စာဖတ်ဝိုင်းများ၊ Talk Show များ၊ ပြပွဲပြိုင်ပွဲများကို  စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ၊ ပြန်/ဆက်)