ပူတာအိုခရိုင်၌ ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ပူတာအို ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပုံပြင်ပြော၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက “ပြည်ထောင်စုစိတ်ဓာတ်”ခေါင်းစဉ်ဖြင့် အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲတွင် အ.ထ.က(ပူတာအို)ကျောင်း Grade-2မှ ကျောင်းသား/သူ (၁၀)ဦးတို့က “ပန်းလိုမွေးမည့် သားလိမ္မာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အ.ထ.က(ပူတာအို)ကျောင်း Grade-4 မှ ကျောင်းသား/သူ (၁၀)ဦးတို့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်မှ “ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားရေးနှင့် ပြည်ထောင်စုကြီးကို တည်ဆောက်ကာကွယ်ရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာရွတ်ပြိုင်ပွဲတွင် အ.ထ.က(ပူတာအို)ကျောင်း K.G တန်းနှင့် Grade-3 တန်းမှ ကျောင်းသား/သူ (၁၅)ဦးတို့က “ပြည်ထောင်စုနေ့ထူးမြတ်၊ ဒို့ပြည်ထောင်စု၊ ပြည်ထောင်စုနေ့နှိုးဆော်သံ၊ ပြည်ထောင်စုပန်းဉယျာဉ်၊ ပြည်ထောင်စုနေ့” ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား/သူများအား ခရိုင်ဦးစီးမှူးနှင့် အကဲဖြတ်ဒိုင် ဆရာမများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအနေဖြင့် ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)