စဉ့်ကိုင် ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ် မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူလူငယ်များဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုင်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းဝင်းသန်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ဟောပြောပွဲများ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယကဦးသန်းအောင်က ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်များ ကျောင်းစာအပြင် စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာပြီး စာပေများမှ အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီးဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အတွက် အလယ်တန်းအဆင့် ကျောင်းသား/သူများအား သက်ဆိုင်ရာအဆင့်များအလိုက် ပန်းချီ၊စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပပေးစေလိုကြောင်းနှင့်ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုများအပြင် ပြိုင်ပွဲ၀င်ဆုများပါ ချီးမြှင့်ပေးစေလိုကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း(ပညာရေး)က ပြိုင်ပွဲများတွင် ပြိုင်ပွဲ၀င်ဦးရေသတ်မှတ်ပြီး အကဲဖြတ်အမှတ်ပေးဒိုင်များ ရွေးချယ်ရေးများကိုတင်ပြဆွေးနွေးခဲ့ပြီး (Book Club)အဖွဲ့၀င်များဖြစ်သော ဒုဥက္ကဌ စာရေးဆရာ ဦးအေးကိုကို (ဝင်းမောင်မောင်-ပန်းလောင်လွင်ပြင်)၊ ဦးဝင်းဦး၊ဒေါ်ခင်ဆန်း၊ဦးထွန်းမြင့်၊ ဦးအောင်ဆန်းတို့က ပြိုင်ပွဲ၀င်ကျောင်းသား/သူ ဦးရေအားလုံး ပြိုင်ပွဲ၀င် လိုစိတ်ရှိလာအောင် ကြိုးစားချင်စိတ်ရှိလာအောင် ပြိုင်ပွဲ၀င်ဆုများချီးမြှင့်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)