မြစ်သား ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော Fitness Dance ပြိုင်ပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသမှုကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်မှ ကျောင်းသူလေးများ ကာယအလှနှင့် ကျန်းမာဖွံ့ဖြိုးစေရန်ရည်ရွယ်၍ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသူလေးများမှ တစ်ဖွဲ့လျှင် (၁၅) ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မစံရွှေရည်ထက်ဦးဆောင်သော Grade-8 မှ Girl အဖွဲ့က ပထမဆုအားလည်းကောင်း၊ မနှင်းအိမြင့်မိုရ် ဦးဆောင်သော Grade-8 မှ Flower အဖွဲ့က ဒုတိယဆုအားလည်းကောင်း၊ မရွှန်းလဲ့မင်းခန့်ကျော် ဦးဆောင်သော Grade-10 နှင့် Grade-11 မှ Angle အဖွဲ့က တတိယဆုအားလည်းကောင်း၊ မနန်းဖူးဖူးစံ ဦးဆောင်သော Grade-10 နှင့် Grade-11 မှ Apple အဖွဲ့က နှစ်သိမ့်ဆုအားလည်းကောင်း အသီးသီးရရှိခဲ့ရာ ဆုများကို (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် Fitness Dance ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသားလူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)