မိုင်းယောင်း ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် အ.လ.က(တပ်တွင်း)ကျောင်းနှင့် အ.မ.က(ဟောင်ကြန့်)ကျောင်းတို့၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက အနာဂတ်လူငယ်များသည် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ်ပညာဗဟုသုတ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်စာကြည့်တိုက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ သိကောင်းစရာကို ဟောပြောခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က “လူငယ်ဘဝ စာပေဖတ်ရှုခြင်းအစ”အကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းက “သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဆောင်ရွက်”အကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြပြီး လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)