မိုင်းကိုင် ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၇) နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ကျင်းပပြုလုပ်ရာ လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်လူရွယ်များ၊ မြို့နယ်ကျန်းမာရေးဌာနမှ အရန်သားဖွားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက ပူးပေါင်းစီစဉ်ပြသထားသည့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး နံရံကပ်စာစောင်၊ ပိုစတာ၊ ကာတွန်းများ၊ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ သုတနှင့်ရသစာအုပ်စာပေများ ပြပွဲပြခန်းကို ဖွင့်လှစ်ပြသရာ တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြသည်။
ထို့နောက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်က မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီ ဥပဒေနှင့် ဆက်စပ်ဥပဒေများ အကြောင်း၊ နယ်မြေခံတပ်မှ ဗိုလ်ကြီးအောင်ကျော်ဇောက မြန်မာ့သမိုင်းနှင့် မျိုးချစ်စိတ်ဓာတ်ရှင် သန်ထက်မြက်ရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက လူငယ်နှင့် မလိုလားအပ်သော အလေ့အထများ စသည့်အကြောင်းအရာခေါင်းစဉ်များဖြင့် အသီးသီး အသိပညာပေးဟောပြောရာ တက်ရောက်လာသည့် လူငယ်လူရွယ်များက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)