ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ကာလိ ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကျောင်းသား၊ ကျောင်းသူများကို အသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်ကို အသုံးချတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ ကျောင်းသူများအား တစ်နှစ်ပတ်လုံး ဘဝအတွက် ကြီးကျယ်ခမ်းနားခြင်းများစွာနှင့် အရေးပါအရာရောက်သည့် ဘဝအလင်းရောင်ဆိုသည့် စာသင်ယူခြင်းမှ တစ်ခဏတာ အနားယူရတော့မည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်ကာလသည် သိပ်ကိုတန်ဖိုးရှိကြောင်း၊ အားလပ်ချိန်များတွင် အသိပညာဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ် စာပေများကို လေ့လာဖတ်ရှု့စေလိုကြောင်း အသိပညာပေးဟောပြောပြီး အခြေခံပညာမူလတန်း(မိုင်းယိုင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်းက ကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတက်စေရန်နှင့် အပျော်အပါးများဖြင့် အချိန်ကို မကုန်ဆုံးသင့်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ် စာစောင်များ ပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။

ထင်ထင်