ထားဝယ် ဖေဖော်ဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံ ပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက် ငှားရမ်းနိုင်ခြင်းမရှိသည့် ရပ်ကွက်များတွင် ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် ကျောင်းသား/သူများ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသစာအုပ်စာစောင်များငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့မည်သူမဆိုလာရောက် အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၃၅၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)