လပွတ္တာ အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံမှုရှိစေရန်အတွက် လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦးက ၈.၁၁.၂၀၂၀ ရက်နေ့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပရန် ကြေညာထားပြီဖြစ်ကြောင်းနှင့် (၂၉ . ၁၀ .၂၀၂၀) ရက်နေ့မှ (၅.၁၁.၂၀၂၀) ရက်နေ့ထိ အသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲ ပေးနေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကိစ္စများ ဆောင်ရွက်ရန် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့သည်။ မြို့နယ်အဆင့်တွင်လည်း အဖွဲ့ဝင် (၁၈)ဦးပါဝင်သော လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီကို ဖွဲ့စည်းခဲ့သည်။
မြို့နယ်ကော်မတီအနေဖြင့် ဆောင်ရွက်ရန်လုပ်ငန်းတာဝန် သတ်မှတ်ထားပြီဖြစ်သည်။ ထိုတာဝန်များကို စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်သည်။ ထိုနည်းအတူ ရပ်/ကျေး ရွေးကောက်ပွဲ ဆိုင်ရာ စီမံခန်ခွဲမှုကော်မတီများဖွဲ့စည်း တာဝန်ပေးအပ်သွားမည်ဖြစ်၍ ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးကြရန် ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် ရဲတပ်ဖွဲ့မှူးက ကျေးရွာရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး ကော်မတီများကို ဖွဲ့စည်းရာတွင် မြို့နယ်အတွင်းရှိ ရဲစခန်းများမှ စခန်းမှူးများက ဇုံနယ်မြေအလိုက် အဖွဲ့ခေါင်းဆောင်တာဝန်ယူပြီး ဇုံနယ်မြေ အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌများက အဖွဲ့ဝင်အဖြစ် ဖွဲ့စည်း တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း ၊ မြို့နယ်အတွင်း မဲရုံ (၂၆၃) ရုံ ရှိသည့်အနက် လျှပ်စစ်မီးမရသည့် မဲရုံများအတွက် ရွေးကောက်ပွဲနေ့ မီးရရှိရေး၊ ဆက်သွယ်ရေး၊ သွားလာရေးခက်ခဲသော မဲရုံများသို့ အရေးပေါ်သွားရောက်နိုင်ရေး ဆွေးနွေးပြောကြား ခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မဲရုံများ မီးဘေးလုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေး ပြောကြားပြီး ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ စီစဉ်ဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အစီအစဉ်များကို ဆွေးနွေး ပြောကြားခြင်းနှင့် မြို့နယ်ပညာရေးမှူးက မဲရုံများကို ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိရသည့် အခြေအနေအရပ်ရပ်ကို ဆွေးနွေးခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကထံမှ သိရှိရသည်။
ဝင်းကျော်မြင့် (ပြန်/ဆက်)