မြစ်သား ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စု နေ့အကြိုအထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကျောင်းသား၊ကျောင်းသူများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူအများရှေ့၌ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်တို့ကိုရည်ရွယ်၍ မြစ်သားမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းမှ Grade-4 ကျောင်းသား၊ ကျောင်းသူ(၁၉)ဦးတို့က စာရေးဆရာ ရဲအောင်မိုးရေးသားသော “အောင်ဆန်းဇာနည်” ကဗျာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူ ရေးအထက်တန်းကျောင်းမှ ပထမဆုကိုလည်းကောင်း၊ ကျီတော်ကုန်း(မူလွန်)ကျောင်းမှ ဒုတိယဆုကို လည်းကောင်း၊ မင်းကုန်း(မူလွန်)ကျောင်းမှ တတိယဆုကိုလည်းကောင်းဆုများ အသီးသီးရရှိကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ ကျောင်းသားမိဘများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ အကြောင်းအရာများနှင့် ကျန်းမာရေးအသိ ပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ဝါဝါမြင့်