ပြင်ဦးလွင်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ၍ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ပြင်ဦးလွင် ဖေဖော်ဝါရီ  ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက     အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ စုံလင်စွာတက်ရောက်သည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများ၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့၏ ဦးတည်ချက်များ၊ ကျောင်းနေအရွယ်ကလေးဘဝမှ စတင်ကာ နိုင်ငံနှင့်လူမျိုးချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက်လာရေး အကြောင်းအရာများ၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့အမှတ်ရစေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက  “(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” ထုတ်ဝေထားသည့် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)