မြစ်သား ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ပုံတူပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပန်းချီပညာကို တန်ဖိုးထားတက်စေရန်၊ အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် ကျောင်းသားလူငယ်များ ဖြစ်လာကြစေရန်၊ ပုံတူပန်းချီဆွဲတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အကဲဖြတ်အမှတ်ပေး ဒိုင်ချုပ်ဖြစ်သော ရွှေကြာအင်းကျောင်းအုပ်ဆရာကြီး ဦးတင်ထွန်းအောင်မှ ပုံတူပန်းချီပြိုင်ဝင် ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်ပေးထားသည့်အချိန်နှင့် စည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြစ်သားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၁၇)ဦးတို့က ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ အသီးသီးရရှိခဲ့ကြသည့် ဆုရကျောင်းသား၊ ကျောင်းသူများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများ အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ပုံတူပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ ကျောင်းသားမိဘများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ခင်းကျင်းပြသထားသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)