ကျောက်ဆည် ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ယမန်နေ့မွန်းလွဲ(၂)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက “ငယ်စဉ်အခါပညာရှာ” ဆိုသည့်အတိုင်း ကျောင်းနေအရွယ်အချိန်မှစ၍ ဗဟုသတများပြည့်စုံရေး ကျောင်းစာအပြင် ပြင်ပစာပေများ ရှာဖွေဖတ်ရှုစေလိုကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချသည့်အနေဖြင့် ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် မိမိတို့ ကြိုက်နှစ်သက်သည့် စာအုပ်များ အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့်အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)