မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများထဲမှ (၅၅)ဦးဆေးရုံမှဆင်းနိုင်ပြီး ကျန်းမာရေး ကောင်းမွန်

မော်လမြိုင်ကျွန်း အောက်တိုဘာ ၃၁

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ခံစားနေရသူများ ယ‌နေ့အထိ (၉၄)ဦးရှိပြီဖြစ်သည်။ ယနေ့ နေ့လယ်၂နာရီအချိန်က ရောဂါပိုးတွေ့ရှိသူများထဲမှ (၃)ဦးသည် မြို့နယ်ခုတင်(၁ဝဝ) ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိရာမှ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့သည်။

ရောဂါပိုးတွေ့ရှိသူများအား မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာစန်းဝင်းနှင့် ဝန်ထမ်းများမှ ဂရုစိုက် ကုသပေး လျက်ရှိရာ အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မြို့နယ်တွင် ယနေ့ဆေးရုံဆင်းသူ(၃) ဦး အပါအဝင် ဆေးရုံဆင်းသူစုစုပေါင်း (၅၅)ဦးရှိပြီဖြစ်သည်။ မြို့နယ် ခုတင်(၁ဝဝ)ဆေးရုံကြီးတွင် ဆေးကုသမှုခံယူဆဲ ရောဂါပိုးရှိသူ (၃၉)ဦးဖြစ်သည်။

မြို့နယ်တွင် ပိုးရှိလူနာများနှင့် ထိတွေ့သူများအား FQ ထားရှိသူ၊ ရပ်ကျေးများတွင် နေရပ်ပြန်အသွားအလာ ကန့်သတ်ထားရှိသူ စုစုပေါင်း(၁၉၉)ဦးရှိပြီး အ.ထ.က(၁)၊ ခုတင်(၅ဝ)ဆေးရုံ၊ အားကစား ခန်းမဆောင်သစ် ဒေါ်မေမေစိန်ခန်းမတို့တွင် Facility Quarantine Centre ဖွင့်လှစ်ထားရှိပြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် အသင်းအဖွဲ့များ အရေးပေါ် စေတနာလုပ်အားရှင် အဖွဲ့တို့မှ အလှည့်ကျ စောင့်ရှောက်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များမှ လိုအပ်လျက်ရှိသည့် ကျန်းမာ‌ရေး အထောက်အကူပြုပစ္စည်းများ၊ စားသောက်ကုန် ပစွည်းများ၊ သောက်ရေသန့်များ၊ အလှူ‌ငွေများ နေ့စဉ်လာရောက် လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။

သီတာအောင်(ပြန်/ဆက်)