နေပြည်တော် ဖေဖော်ဝါရီ ၇
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ဟောပြောသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ ပြုလုပ်ပေးပြီး တာဝန်ရှိသူများက ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဆုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြပြီး ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)