တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

တာလေ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး “လူငယ်နှင့်ပြည်ထောင်စုစိတ်ဓာတ်”ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ တိုင်းပြည်နှင့်လူမျိုးကို ချစ်ခင်သည့်စိတ်ဓာတ်ပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် မျိုးချစ်စိတ်ဖြစ်ပါကြောင်း၊ မျိုးချစ်စိတ်ဓာတ်၏သဘောမှာ ပြည်ထောင်စုဖွားတိုင်းရင်းသား မည်သူမဆို အရေးကြုံလာသည့်အခါ လက်ပိုက်ကြည့်မနေဘဲ အတူတကွပူးပေါင်းတာဝန်ယူကြသည့် စိတ်ဓာတ်ကိုဆိုလိုကြောင်း၊ တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံနှင့်လူမျိုးတည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တုပ်နှောင်ထားရမည်ဖြစ်ကြောင်း အကျယ်တဝင့်ဆွေးနွေးဟောပြောသည်။   

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေး စာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို  တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူက စိတ်ပါဝင်စားစွာ ဖတ်ရှု့လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)