ပြင်ဦးလွင်မြို့နယ်အတွင်း အသက် (၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲများ စတင်ပေး 

ပြင်ဦးလွင် နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ( ၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲ မပေးနိုင်သည့် ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် အသက် ( ၆၀ ) နှစ် နှင့်အထက် သက်ကြီးရွယ်အို မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၂၉)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လာရောက်မဲပေးလျက်ရှိသည်။

အဆိုပါ  ကြိုတင်ဆန္ဒမဲပေးရာတွင်‌  ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ ၊  လုံခြုံရေး တာဝန် ထမ်းဆောင်ရမည့် အထူးရဲများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အားလုံးက ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရန် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင် ဆန္ဒမဲများ ကိုယ်တိုင်လာရောက် မဲပေးလျက်ရှိသည်။

ပြင်ဦးလွင်မြို့နယ်တွင် ရပ်ကွက် (၂၁) ရပ်ကွက်နှင့် ကျေးရွာ (၃၇)အုပ်စုတွင် မဲရုံစုစုပေါင်း (၂၀၀) ရုံ ဖွင့်လှစ်ထားရှိကာ အသက် (၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင် (၂၀၀၀၀) ကျော်ရှိပြီး အောက်တိုဘာလ   (၂၉ ) ရက်နေ့ မှ နိုဝင်ဘာလ ( ၅ ) ရက်နေ့အထိ  နေ့စဉ် နံနက် (၈) နာရီမှ  ညနေ (၆) နာရီအထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးနိုင်ရန်နှင့် သက်ဆိုင်ရာ မဲရုံများသို့ ကြိုတင်မဲအနေဖြင့် လာရောက် မဲ မပေးနိုင်သည့် မဲဆန္ဒရှင်များကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ယူသည့်စနစ်နဲ့လည်း စီစဉ် ဆောင်ရွက်ထားရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ သိရသည် ။

ဇော်မျိုးထိုက် ( ပြင်ဦးလွင် )