ကျောက်မဲ နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသက် ၆၀ နှင့် အထက် သက်ကြီးရွယ်အိုများနှင့် မဲရုံများတွင် တာဝန်ထမ်း ဆောင်ကြမည့်သူများ၊ ကြိုတင် မဲပေးခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခန့်က မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးနေမှုအား တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံကြည့်ရှုရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ က မြို့ပေါ် ရပ်ကွက်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင် ဆန္ဒမဲပေးနေမှု အခြေအနေများ၊ မဲလက်မှတ်ပျက်စီးမှုရှိ/မရှိ၊ မဲလက်မှတ်၏နောက်ကျောတွင် တာဝန်ရှိသူ၏ လက်မှတ်ထိုးထားခြင်း ရှိ/မရှိ၊ မဲစာအိတ်တွင် ကော်ကပ်ထားခြင်း ရှိ/မရှိ၊ တံဆိပ်တုံးကောင်းမကောင်း၊ ကြိုတင်ဆန္ဒမဲပုံး လုံခြုံမှုရှိ/မရှိ၊ မဲရုံပြင်ပတွင် မဲပေးမည့်သူများ အား Social Distancing နှင့်အညီနေရာများ သတ်မှတ်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ရပ်ကွက် ၂၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၀ ရှိခဲ့ရာမှ ကျေးရွာအုပ်စု ၁၂ အုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ခြင်း မရှိတော့သည့်အတွက် ကျောက်မဲမြို့နယ် အတွင်းရပ်ကွက် ၂၀ နှင့် ကျေးရွာအုပ်စု ၅၈ အုပ်စုတွင် သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်ပြီး အဆိုပါရွေးကောက်ပွဲ ကျင်းပနိုင်မည့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မဲရုံ ၉၉ ရုံရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့် ရှိသူ တစ်သိန်း တစ်သောင်းရှစ်ထောင်ဦးခန့်ရှိသည်။
မိုင်းထွန်း(ပြန်/ဆက်)