လေးမျက်နှာ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က မြတ်စေတနာ(အခမဲ့)ဆေးခန်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန ဝန်ထမ်းများက မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(B)ပိုး၊ ဦးနှောက်မြှေးရောင်၊ (၅)မျိုးစပ် ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ (၁၁)မျိုးအပြင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော(Rota)ကာကွယ် ဆေးကိုပါ တိုက်ကျွေးကြောင်းနှင့် ကလေးငယ်များအား ပေါင်ချိန်၍ ကိုယ်ကလေးချိန်မှတ်တမ်းရယူခြင်းများ၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ် ဆေးထိုးပေးခြင်းတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)