စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားနှင့် အလေးချိန်ပြည့်မီခြင်းရှိမရှိ ပညာပေးစစ်ဆေး

ကျုံပျော် ဖေဖော်ဝါရီ ၂၅

ပြည်သူများနေ့စဉ် သုံးစွဲလျက်ရှိသော စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြမှုနှင့် အလေးချိန်ပြည့်မီခြင်းများ ရှိ/မရှိ ပညာပေးစစ်ဆေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မြို့မဈေးအတွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"ပြည်သူတွေရဲ့ နေစဉ်သုံးစွဲနေတဲ့ ကုန်ပစ္စည်းတွေမှာ အမျိုးအစားအလိုက်အမျိုးအမည်၊ အလေးချိန်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ အစားအစာဆိုရင်လည်း ဓာတ်မတည့်ကြောင်းဖော်ပြချက် စတာတွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း သုံးစွဲသူတွေအနေနဲ့ မိမိသုံးစွဲတဲ့ပစ္စည်းအကြောင်းအရာကို အသေး စိတ်သိရှိပြီး၊ ဘေးကင်းလုံခြုံစွာ ထားသိုသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အခုလည်း စျေးဆိုင်တွေမှာ ရောင်းချ နေတဲ့ ပစ္စည်းတွေကို လိုက်လံစစ်ဆေးပြီး လာမယ့် မတ်လ ၁၆ ရက်နေ့မှာ စတင်အာဏာသက်ရောက် မယ့် ကုန်စည်အုပ်စု (၈) အုပ်စုအလိုက် မြန်မာဘာသာနဲ့ ကုန်အညွှန်း အမှတ်အသား ဖော်ပြပေးဖို့ ကိစ္စတွေကို သိရှိအောင် လိုက်လံပညာပေးဆောင်ရွက်ခြင်းဖြစ်ပါတယ်" ဟု စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူး ဦးစိုးဦးက ဆိုပါသည်။

ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီးနှင့်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ဈေး/ရပ်ကွက် စာသုံးသူရေးရာကော်မတီများ ပါဝင်၍ ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ အလေးချိန်ချိန်တွယ်ခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကိုနေဝင်း (ကျုံပျော်)