ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး ကွမ်းလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

ကွမ်းလုံ နိုဝင်ဘာ ၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးသန်းဌေးနှင့် အဖွဲ့သည် ကွမ်းလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးလုတ်ယွန်းမှ ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒရှင်
များစာရင်း၊ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ အသက်(၆၀)အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲ ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကြည်ခိုင်မှ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကွမ်းလုံမြို့နယ် အတွင်းရှိ မဲရုံများနှင့် မဲဆန္ဒရှင်စာရင်းများ၊ မဲရုံမှူး/ဒုမဲရုံမှူးများ သင်တန်းပို့ချမှုအခြေအနေ၊ မဲရုံလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ခွဲဝေတာဝန်ယူထားမှု အခြေအနေများ၊ အသက်(၆၀)အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဖွင့်လှစ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးနှင့် အဖွဲ့က ကွမ်းလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဖွင့်လှစ် ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)