ကန်ကြီးထောင့် နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာ၊ ရှုတိုင်းယဉ်ရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်က လျှပ်စစ်မီတာပုံးသို့ သွယ်တန်းထားသော မိန်းဝါယာကြိုး အပူလွန်ကဲရာမှ ကာရံထားသော ဓနိအကာအား မီးစတင် လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေရာသို့ ဒါးကနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရမျိုး ဦးဆောင် သည့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ် ရေသယ်ယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် မီးလောင်မှုဖြစ်ပွားသည့် အိမ်ပိုင်ရှင်အား ဒါးကနယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)