မိုင်းဆတ် နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန် ထမ်းဆောင်မည့် ဒုတိယ မဲရုံမှူးများအား PPE ဝတ်ဆင်နည်း၊ ချွတ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက မြို့နယ်အတွင်းရှိ မဲရုံ(၅၈)ရုံတွင် တာဝန် ထမ်းဆောင်မည့် ဒုတိယ မဲရုံမှူး များအား မိမိတို့ တာဝန်ကျရာ မဲရုံများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ ဆန္ဒမဲ ပေးရန်လာသော မဲဆန္ဒရှင် ပြည်သူများအား လွတ်လပ်စွာမဲပေးနိုင်ရန်နှင့် မိမိတို့ ထမ်းဆောင်ရမည့် တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ရေး၊ တာဝန်နှင့် မသက်ဆိုင်သော အခြားလုပ်ငန်း ဆောင်တာများ ပြောဆိုခြင်းများ မပြုလုပ်ရန် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန် ထမ်းဆောင်မည့် ဒုတိယမဲရုံမှူးများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် PPE Level(1)၊ Level(2) ဝတ်ဆင်နည်း အဆင့်ဆင့်တို့ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက မဲရုံအသီးသီးတွင် မဲရုံတာဝန်ထမ်းဆောင်မည့် ဒုတိယ မဲရုံမှူး (၅၈) ဦးကို PPE Level(1)၊ Level(2) ဝတ်ဆင်နည်း၊ ချွတ်နည်း အဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
မြင့်မောင် (ပြန်/ဆက်)