ဖားကန့် နိုဝင်ဘာ ၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ အသက် ၆၀ နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ကြိုတင်မဲပေးနိုင်ရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးရုံးများတွင် ယာယီမဲရုံများ ဆောင်ရွက်ထားရှိမှုနှင့် အိမ်တိုင်ရာရောက် မဲထည့်နိုင်ရေး ဆောင်ရွက်နေမှုများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာ သိန်းဟန်နှင့် အတွင်းရေးမှူးတို့က ယမန်နေ့တွင် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဖားကန့်မြို့ပေါ်ရပ်ကွက်ငါးခု၊ မော်မောင်းလျှံကျေးရွာနှင့် နမ္မဖြစ်ကျေးရွာတို့ရှိ ကြိုတင်မဲပေး နိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၏ ဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က စစ်ဆေးခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။
ကြိုတင်မဲပေးရန် သတ်မှတ်ထားသည့်ကာလအတွင်း အသက် ၆၀ နှင့်အထက် သက်ကြီး ဘိုးဘွားများအပြင် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံတာဝန်ကျမည့်သူများနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ မသန်စွမ်းသူများနှင့် အချုပ်ကျခံနေရသူများလည်း ပါဝင်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံမှ သိရသည်။
ဖားကန့်မြို့နယ်၌ အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးခွင့်ရသူ ၁၀၇၈၆ ဦး၊ မသန်စွမ်း မဲပေးခွင့်ရသူ ၁၀၀ ကျော်နှင့် အချုပ်ချခံနေရသူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)