တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

တံတားဦး   ဖေဖော်ဝါရီ    ၁၄

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာဖေမြင့် ရေးသားသော “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်းစာအုပ်” စာဖတ်ဝိုင်းကို ယနေ့နံနေ့(၁၀)နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ပရိသတ်များ စာပေဗဟုသုတ တိုးပွားရေးနှင့် စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် “အခွင့်အရေးဆိုသည်မှာ”၊ “အခွင့်အရေးဟူသည်” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဝင် အလယ်တန်းပြဆရာ ဦးရဲမောင်က “မိမိကိုယ်ကို ထိန်းသိမ်းခြင်း”၊ “လူကိုမကြောက်သည့်စိတ်” နှင့် “စိတ်ဓာတ်စွမ်းအား” စသည့်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူ ဒေါ်သီတာခိုင်က “မိမိကိုယ်ကို တွေ့ရှိခြင်း” နှင့်  “ခေါင်းဆောင်အင်္ဂါရပ်” စသည့်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအကျယ်တဝင့် ဆွေးနွေးကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများကစာအုပ်ပါအကြောင်းအရာများမှ မိမိတို့ဖတ်ရှု လေ့ထားကြသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ ဆက်လက်၍ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ကျပန်းစကားပြောပြိုင်ပွဲကျင်းပပေးသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ဖြင့် ပူးပေါင်းကာ (Talk Show) ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် အစည်းအဝေးများကိုလည်း စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)