ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်တွင် မဲရုံသရုပ်ပြပွဲ ဆောင်ရွက်

ကျောက်မဲ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ အမှတ် ၄ အခြေခံပညာ မူလတန်းလွန်ကျောင်း (မဲရုံ အမှတ် ၁)၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က  မဲရုံသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မဲရုံသရုပ်ပြပွဲကို အမှတ် ၁ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဆောင်ရွက် ပြသခြင်း ဖြစ်ပြီး  ရပ်ကွက်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်း ဆောင်ကြမည့်သူများနှင့် လေ့လာသူပြည်သူအချို့ တက်ရောက်ခဲ့ကြသည်။

ယင်းမဲရုံသရုပ်ပြပွဲတွင် အမှတ် ၁ ရပ်ကွက် ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးသက်ဦး က မဲရုံအတွင်း တာဝန်ထမ်း‌ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ် ထုတ်ပေးသူ၊ မင်တို့သူ၊ မံရုံလုံခြုံရေး အစရှိသည့် မဲရုံတွင် တာဝန်ထမ်းဆောင်ရမည့် လုပ်ငန်းများနှင့် သတိပြုရမည့် အချက်များ၊ မဲဆန္ဒရှင် ဦးရေအပေါ် မူတည်၍ ပြင်ဆင်ရမည့် ပုံစံများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး မဲပေးခြင်းကို လက်တွေ့သရုပ်ပြခဲ့ကာ တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာ လုပ်ငန်းအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ကျောက်မဲမြို့နယ် အမှတ် ၁ ရပ်ကွက် တွင် မဲပေးပိုင်ခွင့်ရှိသူ   စုစုပေါင်း ၈၀၀၀ ဦးကျော်ရှိသည့် အတွက် မဲရုံ ၃ ရုံ ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ကျောက်မဲမြို့ပေါ်ရှိ အခြား ရပ်ကွက်များတွင်လည်း၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပပြု လုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပြင်ဆင်မှုများ စနစ်တကျ ရှိစေရေး၊ မဲပေးသည့် လုပ်ငန်း များ အဆင်ချောမွေ့စေရန်အတွက် မဲရုံသရုပ်ပြခြင်းနှင့် မဲရုံများ ပြင်ဆင် ဆောင်ရွက်ခြင်းများကို  စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/‌ဆက်)