ဒေးဒရဲ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုင်း/ခရိုင်အဆင့် ကော်မရှင်အဖွဲ့တို့၏ ကြိုတင်ဆန္ဒမဲ ကောက်ယူခြင်းနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက် သွားမည့်လုပ်ငန်းများ၊ မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင် အသက်အရွယ် ကြီးရင့်သူများနှင့် နာမကျန်း ဖြစ်နေသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကောက်ယူမည့် အခြေအနေနှင့် ဒေးဒရဲမြို့သို့ အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝင်ရောက်လာ၍ Facility Quarantine ထားရှိထားသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် မဲရုံပေါင်း (၁၈၁)ရုံ၊ အသက်(၆၀)နှစ် နှင့်အထက် ကြိုတင်ဆန္ဒမဲပေးမည့်သူပေါင်း (၂၀၇၇၉)ဦးနှင့်၊ မဲဆန္ဒရှင်ပေါင်း (၁၅၅၆၅၉)ဦး ရှိကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးက သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)