ကာလိ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများနှင့်ပတ်သက်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး နွေရာသီကာလရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မီးသတ်ဦးစီးဌာနနှင့် ကာလိမြို့ စည်ပင်သာယာရေးဦးစီးဌာနအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နေ့လယ် (၁) နာရီအချိန်က ကာလိမြို့မစျေး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုတွင် မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်းက မီးလောင်မှုဖြစ်ပွားလာပါက စတင်ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ပုံနှင့် ကယ်ဆယ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့အသုံးပြု သရုပ်ပြခဲ့ကြောင်းသိရသည်။
အဆိုပါသရုပ်ပြပွဲသို့ မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးဦးစီးဌာနမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ့ရဲတပ်ဖွဲ့၊ စျေးသူစျေးသားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)