ပူတာအိုခရိုင်၌ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏၊ “အမွေခံတစ်ယောက် အမွေပေးသူ တစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပူတာအို ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်၊ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းမှုဖြင့် လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များတိုးပွားလာစေရန်၊ အဖွဲ့အစည်း အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးနိုင်သည့် လူငယ်များဖြစ်ပေါ်လာစေရန်နှင့် စာပေဝါသနာရှင်များ အချင်းချင်းရင်းနှီး ချစ်ခင်မှုများရရှိစေရန်အတွက် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏လူငယ်နှင့်ပညာဆိုင်ရာစာစုဖြစ်သည့် “အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဖေဖော်ဝါရီ (၂၁) ရက် ညနေ (၄) နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာကစာ ဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ များအဖြစ် Book Club အဖွဲ့ဝင်ဒေါ်ခင်ဌေးရီက “စာစီစာကုံးနှင့်ကိုယ်စွမ်းကိုယ်စ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဒေါ်ရီရီခိုင်က “အမိတက္ကသိုလ်က ပေးသောလက်ဆောင်” ခေါင်းစဉ်ဖြင့်လည်းကောင်းဦးဆောင်ဆွေး နွေးကြသည်။

ဆက်လက်၍  Book Club အဖွဲ့ဝင်များဖြစ်ကြသည့် မညီချယ်ဆာက “သူငယ်တန်းဖတ်စာထဲက ပျော် စရာကဗျာလေးများ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအားချီဒီက “ဝတ္ထုမဖတ်တာရှက်စရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနောမာဆာက “ခေတ်နှင့်အညီဘာသာရပ်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မညီးဝူဆာက “စိန်ခေါ်ကြစေချင်ပါသည်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရဲလီဆာက “ဂုဏ်ယူစရာကြိုးစားစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊မ အားဂီးနိုက ဆရာမတိုက်ကျွေးသော အားဆေးစကား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချာယော်ဆာက “နောက်တစ်ချက် ထပ်ရိုက်ပါ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဇင်မာအေးက “ဆရာတပည့်ပုံရိပ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးကြရာ ခရိုင်ဦးစီးမှူးနှင့်ဦးဆောင် ဆွေးနွေးသူများက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးကြကာ အပြန်အလှန်အသိပညာ  ဖလှယ်ခဲ့ကြကြောင်းသိရသည်။

ဖုန်ကန် (ပူတာအို)