ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စားသုံးသူအခွင့်အရေးကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်လွင်ထူးက စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူအခွင့်အရေး ကာကွယ်ရေးဆိုင်ရာများ၊ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများမခံရစေရေး ဂရုပြုရမည့် အချက်များ၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုသည့်အတွက် စားသုံးသူများအနေဖြင့် စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးအမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကို အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ကုန်စည်များတွင် ကပ်နှိပ်ဖော်ပြခိုင်းရခြင်း၏ ရည်ရွယ်ချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားရမည့်နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြူလူသစ် (ခရိုင်၊ ပြန်/ဆက်)