ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ခြင်း၏အကျိုး ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပျော်ဘွယ် ဖေဖော်ဝါရီ ၂၃

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ခြင်း၏အကျိုး ဆောင်းပါးဖြင့် ဖေဖော်ဝါရီလ(၂၃)ရက်၊ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာထက်မြက် ရေးသားသည့် “စာဖတ်ခြင်း၏အကျိုး” ဆောင်းပါးမှ အကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါဆောင်းပါးတွင် စာရေးဆရာက စာဖတ်ခြင်းကြောင့် တိုးတက်မြင့်မားလာမှုတို့ကို လက်တွေ့ဘဝတွင် အောင်မြင်ထင်ရှားနေသူများနှင့် ဥပမာပေးထားပါကြောင်း၊ ငယ်ရွယ်စဉ်ကတည်းက စာဖတ်ချင်စိတ်ရှိလာအောင် မိဘများကလှုံ့ဆော်ပေးမှုကိုလည်း လိုအပ်ပါကြောင်း၊ စာပေဖတ်ရှုရန်အတွက် စာအုပ်တွင်သာမက လူမှုကွန်ရက်စာမျက်နှာများမှလည်း မိမိအတွက်အကျိုးရှိမည့် စာကောင်းပေမွန်များကို ရွေးချယ်ဖတ်ရှုရန်တိုက်တွန်းထားသည့်အတွက် လူတိုင်းဖတ်သင့်သည့် လမ်းညွှန်ဆောင်းပါးဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)