မလှိုင် ဖေဖော်ဝါရီ ၂၆
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်(၈)နာရီခွဲအချိန်က အဆိုပါဘဏ်ရုံး၌ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဘဏ်တွင် မြို့နယ်အတွင်းရှိ ပင်စင်လာရောက်ထုတ်ယူသူ အငြိမ်းစား ဝန်ထမ်း (၁၁၉)ဦး တို့အား ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်လတ်နှင့် သူနာပြုဆရာမများက သွေးပေါင်ချိန်ပေးခြင်း၊ ဆီချိုသွေးချို တိုင်းတာစစ်ဆေးပေးခြင်း၊ အောက်စီဂျင် တိုင်းတာစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည် ဆေးဝါးများကို အခမဲ့ ထောက်ပံ့ ပေးအပ်ခဲ့သည်။ ထို့အပြင် ပင်စင်စားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်းစာအုပ်များ ထားရှိပြီး လစဉ် ပင်စင်လာရောက်ထုတ်ယူသည့်အချိန်တွင် ပြည်သူ့ဆေးရုံ၌ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမည်ဖြစ်သည်။
အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝေဖြိုးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူတို့၏ ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ရာတွင် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရန်၊ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို တစ်ပြေးညီ ရရှိစေရန်နှင့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံတော်အစိုးရမှ တတ်နိုင်သမျှ ကျန်းမာရေးစောင့် ရှောက်မှုပေးရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)