အဝတ်လျှော်ဆပ်ပြာရည်နှင့် လက်ဆေးဆပ်ပြာထုတ်လုပ်နည်းသင်ကြား

ကျိုင်းတုံ  ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်နှင့်အလှကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်လျက်ရှိရာ ယနေ့တွင် အဝတ် လျှော်ဆပ်ပြာရည်နှင့် လက်ဆေးဆပ်ပြာထုတ်လုပ်နည်းကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးကျော်သူရ (ဦးစီးမှူး)က မြို့ပေါ်သင်တန်းသား (၂၀)ဦးအား တစ်ပတ်ကြာသင်ကြား ပို့ချမည်ဖြစ်ပြီး လူသုံးကုန် ဆပ်ပြာအမျိုးမျိုးနှင့် အလှကုန် စနိုး၊ ပေါင်ဒါ၊ မိတ်ကပ်၊ ခေါင်းလိမ်းဆီ စသည့် ထုန်ကုန်ပစ္စည်းများ ထုန်လုပ်မှု အဆင့်ဆင့်ကို  စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား တတိယအကြိမ်မြောက် သင်ကြားပို့ချပေးခြင်းဖြစ်ပြီး သွင်းကုန်အစားထိုး အလှကုန်၊ လူသုံးကုန်ပစ္စည်းများ တစ်နိုင်တစ်ပိုင် ထုတ်လုပ်၍ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်ရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန်၊ မြို့ပြနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ကြောင်း ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးကပြောသည်။

ထို့နောက် “ကျွန်မတို့ ဒီသင်တန်းပြီသွားရင် တစ်နိုင်တစ်ပိုင် ထုတ်လုပ်မယ်၊ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်အောင် ကြိုးစားသွားမှာပါ” ဟု သင်တန်းသား ဒေါ်နန်းမိုဟွမ်က ပြောကြားသည်။

ရဲထက်ဦး(ပြန်/ဆက်)